
ဘယ်ဘက် ပါးဖောင်းဖောင်လေးပေါ်က အလှကို ပိုဖြည့်စွက်ပေးတဲ့ မှည့်သေးသေးလေး တလုံးနဲ့ တချိန် မြန်မာ
လူထုကြားမှာ အသက် ၁၅ နှစ်နဲ့ မယ်ဗမာ နှစ်ထပ်ကွမ်းရသည်အထိ အလှဂုဏ်သတင်းမွှေးပျံ့ခဲ့သူ…“သူ့ရဲ့ဘယ်ဘက်
ပါးဖောင်းဖောင်လေးပေါ်မှာ သူ့အလှကို ပိုဖြည့်စွက်ပေးတဲ့ မှည့်သေးသေးလေး တလုံး ရှိတယ်။ကြင်နာတတ်တဲ့
အသည်းနှလုံးရှိပြီး နိုက်တင်ဂေးငှက်လို သာယာတဲ့အသံနဲ့ တေးဆိုတတ် တဲ့ ရေဒီယို အဆိုတော်တစ်ယောက်။
ဖလင်ကော်ပြားပေါ်ကနေ ကြည့်သူကို ကြည်နူးမှု အပြည့် ပေးနိုင်စွမ်းခဲ့တဲ့သူ။ပြည်သူ့အကျိုး၊ လူသားတွေအကျိုးကို
သယ်ပိုးရင်း ဘဝကို အကျိုးရှိစွာ အသုံးချခဲ့တဲ့ နှလုံးလှသူတစ်ယောက်….။” ပါစတာရဲ့ ချီးမွမ်းခန်းနဲ့ ဆုတောင်းသံဟာ
တိမ်ဝင်သွားတယ်။သင်္ချိုင်းတစ်ခုလုံး တိတ်ဆိတ်လို့။ ပန်းခွေတွေပေါ်မှာတော့ “Louisa Charmaire Benson Craig (69) တဲ့ …။တကယ်တော့ သူ့ဘဝကို “ကြမ်းတမ်းတဲ့ နူးညံ့မှု” လို့ ပြောရင် ပိုသင့်လျော်လေမလားပဲ …။သူ့ကို ၁၉၄၁ ခုနှစ် မတ်လ ၁ဝ ရက်
နေ့မှာ မွေးခဲ့တာ။ အဖေက ဂျူးလူမျိုး စွန့်ဦးတီထွင် စီးပွာရေးသမား စောဘင်ဆင်။ မိခင်က ကရင်လူမျိုး နော်ချစ်ခင်။
သူ့ကိုတော့ Louiser Benson လို့ ကင်ပွန်း တပ်ခဲ့တယ်။ မြန်မာတွေနဲ့ ကရင်တွေကတော့ သူ့ကို နော်လီဇာဘင်ဆင်လို့ပဲ
သိကြတာပါ။တချိန်ကတော့ မြန်မာပြည်သူတွေရဲ့ သြဘာသံတွေ ဟာ သူ့အပါးမှာ ပြန့်လွင့်လို့ အင်ကြင်းဝတ်မှုံတွေ
ဝဲပျံနေသလိုပါပဲ။တချို့ဆို သားသမီးနာမည်တောင် နော်လီဇာလို့ ပေးလိုက်သေးရဲ့။ ဒီအထိ စွဲလမ်းခဲ့ကြတာ။
သူ့ရဲ့ ပထမဆုံး အောင်မြင်မှုခြေလှမ်းက ၁၉၅၆ ခုနှစ်မှာ စခဲ့တာ။ အဲဒီနှစ်က အသက် ၁၅ နှစ်သာ ရှိသေးတဲ့
ဘင်ဆင်ဟာ မယ်ဗမာ ရခဲ့တယ်။ဒီကစပြီး သူ့အလှ သူ့ဂုဏ်သတင်းဟာ မြန်မာလူထုကြားမှာ နော်လီဇာဘင်ဆင် အဖြစ် ထင်ပေါ်လာခဲ့တာ။ပထမဆုံး
မယ်ဗမာက ဒေါ်လီချို (Dolly Cho)။ ၁၉၄၇ ခုနှစ်ပေါ့။ စုစုပေါင်း “မယ်ဗမာ” တရားဝင် ၁၆ ဦးပဲ ရှိတဲ့အထဲမှာ
နော်လီဇာဘင်ဆင် ပါခဲ့တယ်။၁၉၅၈ ခုနှစ်မှာ မယ်ထပ်ရတော့ ၂ ကြိမ် ရခဲ့တာပေါ့။ အထက်တန်းအောင်တော့ ရန်ကုန်
တက္ကသိုလ် တက်ခဲ့တယ်။ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီး တဲ့နောက် အမေရိကန် ဘော့စတွန်တက္ကသိုလ်မှာ တက်ခဲ့တယ်။
အဲဒီကအပြန်မှာတော့ ရန်ကုန် တက္ကသိုလ်မှာ နည်းပြဆရာမ အဖြစ် အလုပ်ဝင်ခဲ့တာ ၁၉၆၄ ခုနှစ်ကပေါ့။ဒီကြားထဲ နိုင်ငံခြားမှာ ပညာသင်နေတဲ့ သူ့အစ်ကို အတွက် ငွေကြေးလိုအပ်နေတာမို့ စံတော်သစ် ရုပ်ရှင် ကုမ္ပဏီ
ကမ်းလှမ်းချက်ကို လက်ခံပြီး “ဝဏ္ဏကျော်ထင်ဦးမင်းဒင်” ဇာတ်ကားကို ခေါင်းဆောင် မင်းသမီးအဖြစ် ရိုက်ခဲ့တယ်။
ဒုတိယကားကတော့ အေဝမ်းရုပ်ရှင်ကုမ္ပဏီနဲ့ “ပိတောက်တွေပွင့်ပြန်ပြီ” ဇာတ်ကားပါ။အလွန်လူကြိုက်များခဲ့တဲ့
ကားတစ်ကားလို့ ဆို ကြတယ်။ ဝါသနာအရ စန္ဒယားချစ်မောင် တေးဂီတနဲ့ တွဲဖက်ပြီး ပြုံးချစ်သူ၊ ဝတ်ရည်အနွယ်
စတဲ့ သီချင်းတွေ ကိုလည်း မြန်မာ့အသံမှာ သီဆိုခဲ့သေးတယ်။ဒါတွေက သူ့ဘဝရဲ့ နူးညံ့စွာဖြတ်သန်းခဲ့ရတဲ့ အပိုင်းတွေပေါ့။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူ စောဘင်ဆင်ဟာ ဗိုလ်နေဝင်းရဲ့ အကျဉ်းသမားဖြစ်ခဲ့တယ်။
သူ ဗမာပြည်ပြန်ရောက်တော့ ခင်မင်ရင်းစွဲရှိတဲ့ ကစ်တီဘသန်း (ခေါ်) ဗိုလ်နေဝင်းကတော် ဒေါ်ခင်မေသန်းနဲ့ ဆက်ဆံခဲ့ရာက
သူ့ဘဝဟာ “ကန္တာရဆူးပေါ်ကျတဲ့ ပွင့်ဖတ်လေးတခု” ဖြစ်ခဲ့ရတယ် လို့ ကောလာဟလတွေ ထွက်ပေါ်လာပြန်တယ်။ဒီမှာပဲ သူ့ရဲ့ ဘဝကြမ်းအတွက် ခြေဆင်းတွေ စခဲ့တာပါပဲ။ ၁၉၆၃ ခုနှစ်မှာ စောဟံတာသာမွှေးနဲ့အတူ လက်နက်ချခဲ့တဲ့
ကရင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မှူးလင်းထင် (ခေါ်) ငန်းနက်နဲ့ နီးစပ်ခဲ့တယ်။ဗိုလ်လင်းထင်က
ကရင်တပ်မဟာ ၅ က ဗိုလ်မှူးတစ်ယောက်လို့ ဆိုပါတယ်။ ၁၉၆၄ ခု မေ ၁၂ ရက်မှာ သူ့ထက် အသက် ၁၆ နှစ်ကြီးတဲ့
တပ်မှူးလင်းထင်နဲ့ နော်လီဇာဘင်ဆင်တို့ တရားရုံးမှာ လက်ထပ်လိုက်ကြတယ်။လက်ထပ်ပြီးတဲ့နောက်
ယောင်နောက်ဆံထုံးပါ ဆိုသလို နော်လီဇာဘင်ဆင်လည်း တောတွင်း လက်နက်ကိုင်ဘဝ ရောက်ခဲ့တော့တာပါပဲ။
ဒီကာလတွေဟာ သူ့အတွက်တော့ အကြမ်းတမ်းဆုံးနဲ့ အရက်စက်ဆုံး ကာလတွေကို ဖြတ်သန်းခဲ့ရတာပါ။
ဗိုလ်နေဝင်းကလည်း ဗိုလ်လင်းထင်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်။ဒါပေမယ့် သူတို့က ဗိုလ်မှူးလင်းထင် ကို ကာကွယ်ရေးတပ်အနေနဲ့ ညှိနှိုင်းဆွေးနွေးတာပါ။ အခုခေတ် ပြောနေတဲ့ BGF လို
တပ်မျိုးပေါ့။ဒါကိုတော့ ဗိုလ်လင်းထင်က လက်မခံခဲ့ဘူး။ နောက်တစ်ကြိမ် ဗိုလ်နေဝင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ချိန်မှာပဲ
သထုံမြို့က ဗိုလ်လင်းထင် နေအိမ်က အထွက်မှာ စစ်ထောက်လှမ်းရေးရဲ့ လုပ်ကြံ သတ်ဖြတ်ခြင်း ခံလိုက်ရတယ်။
ဘာတေးလစ်တနာကတော့ အမည်မသိလူတစ်စုလို့ ဆိုပါတယ်။ ၁ နှစ်ခန့်သာ ပေါင်းသင်းလိုက်ရတဲ့ လင်တော်မောင်
သေပြီးတဲ့နောက် နော်လီဇာဘင်ဆင် ဟာ တပ်မဟာ ၅ တပ်သားတွေကို ပြန်စုပြီး မဲဆောက်ဘက်မှာ တပ်ချခဲ့တယ်။
ဗိုလ်နေဝင်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံဖိတ်ကြား ပေမယ့် မယုံကြည်မှုကြောင့် ငြင်းပယ်လိုက်ရ ပြန်ပါတယ်။တောတွင်းမှာ ကျင်လည်နေရပေမယ့် သူ့ဘဝ လုံခြုံမှု ကင်းမဲ့လာတဲ့အတွက် နောက်ဆုံးမှာတော့ ၁၉၆၇ မှာ
အမေရိကန်နိုင်ငံကို ထွက်ခွာလာခဲ့ပါတော့တယ်။အမေရိကန်ရောက်ပြီးနောက် အမေရိကန် တက္ကသိုလ်တက်စဉ်က
အတန်းဖော် Glem Campbell Craig လက်ထပ်ခဲ့တယ်။ သူ့ဘဝတဆစ်ချိုးကို ရောက်ခဲ့ပြန်ပါပြီ။Craig နဲ့
ကလေး ၃ ယောက် ရခဲ့တယ်။ အမေရိကန်မှာ အခြေချပြီးတဲ့နောက် ကိုလံဘီယာ တက္ကသိုလ်မှာ အပြည်ပြည်ဆိုင်ရာ
ဆက်ဆံရေးပညာ မဟာဘွဲ့ကို ထပ်မံယူခဲ့ပါသေးတယ်။၁၉၉ဝ နောက်ပိုင်း ထိုင်းနယ်စပ်က ဒုက္ခသည်တွေကို
အတတ်နိုင်ဆုံး ကူညီခဲ့တယ်။ မြန်မာဒုက္ခသည်တွေ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်နိုင်ရေးကို လုပ်ဆောင်ခဲ့တယ်။စစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ၊ Yadana Gas Field ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက်
တရားစွဲဆို ရင်ဆိုင်ရာမှာ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။ဒါ့အပြင် နော်လီဇာဘင်ဆင်ဟာ Burma Forum နဲ့
US Campaign for Burma ရဲ့ တည်ထောင်သူဖြစ်ခဲ့သလို အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။
အဲဒီလို မယ်ဗမာလည်း ဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်၊ အဆိုတော်လည်း ဖြစ်၊ တော်လှန်ရေး ခေါင်ဆောင်လည်း
ဖြစ်၊မြန်မာ့ဒီမိုကရေစီအရေး အတွက် စွမ်းအားရှိသမျှ အကျိုးဆောင်ခဲ့တဲ့ နော်လီဇာဘင်ဆင်ဟာ ၂ဝ၁ဝ ခုနှစ်ထဲ
မှာတော့ ဦးနှောက်ကင်ဆာဝေဒနာ ခံစားရင်း ခရစ်တော်ရဲ့ အမိန့်တော်ကို ခံယူသွားခဲ့ပါပြီ။သမီးဖြစ်သူ
Charmaire Craig ကလည်း Miss Burma ဆိုတဲ့ အမည်နဲ့ စာအုပ်ထုတ်ပြီး ကျေးဇူး ဆပ်ခဲ့ဟန်ပါပဲ။
သူလျှောက်လှမ်းခဲ့ရာ လမ်းတွေက လည်း အကွေ့အကောက် များလွန်းလှပါတယ်။သူ့ဇာတ်လမ်းဟာ ကြမ်းတမ်းတဲ့
နူးညံ့မှုပြဇာတ် တစ်ပုဒ်လိုပါပဲ။ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ကတော့ သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ထဲကလို “ပိတောက်တွေ
ပွင့်ပြန်ပြီ ဘင်ဆင်ရေ” လို့ တမ်းတရင်း သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုလိုက်ရ ပါတယ်။